အဆိုပြိုင်ပွဲတွေ၊အပြိုင်အဆိုင်ကျင်းပ နေတဲ့အချိန်မှာ Cherry FM နဲ့ Big Bag အဖွဲ့မှ အဆိုရှင် ကျားပေါက်တို့ ပူးပေါင်းပြီး ပရိသတ်တွေနဲ့ သိပ် မရင်းနှီး သေးတဲ့ တေးဂီတအဖွဲ့လိုက်ပြိုင်ပွဲ "Band Camp Rock Band" ပြိုင်ပွဲကြီး ကျင်းပသွားမယ်လို့ သိရပါတယ်။
"ကျွန်တော်က band ကနေ လာတဲ့ သူဖြစ်လို့နဲ့တူတယ်။ ဒီလို band လိုက် ပြိုင်ပွဲလုပ်တာကိုပဲ ပိုစိတ်ဝင်စားတယ်။ အဲဒါမှလည်း ကိုယ်တိုင် ဖန်တီးမှုကို အားပေးရာရောက်မယ်လေ"လို့ တစ်ဦးချင်းထက် အဖွဲ့ လိုက်ပြိုင်ပွဲ ပြုလုပ်ဖြစ်တဲ့ စိတ်ကူးကို ကျားပေါက်က ပြောပြပါတယ်။
Cherry FM မှအထွေထွေမန်နေဂျာ ဦးသန်းထွေးဇော်ကလည်း ပြိုင်ပွဲ အမည်ကို Band Camp Rock Band လို့ အမည်ပေးထားပေမယ့် ပြိုင်ပွဲဝင်တွေဟာ ကြိုက်နှစ်သက်ရာ ဂီတအမျိုးအစားနဲ့ ပါဝင်ယှဉ်ပြိုင် နိုင်ပြီး ရေး၊ ဆို၊ တီး အားလုံးကို ကိုယ်တိုင် ဖန်တီးရမှာဖြစ်တယ်လို့ ဆိုပါတယ်။
"We Promise the Difference လို့ပြောထားတဲ့အတိုင်း သူများတွေနဲ့ မတူအောင် ဒီပရိုဂရမ်ကို ရွေးလုပ်လိုက်တာပါ။ ဒီဟာက ကျွန်တော်တို့အတွက် စီစဉ်ရခက်သလို ၀င်ပြိုင်မယ့်သူတွေ အတွက်လည်း တော်တော်လေးခက်ပါတယ်"လို့ သူက ဆိုပါတယ်။
အဲဒီလိုခက်ခဲတာကြောင့် လာပြိုင်တဲ့သူတွေ နည်းတာဖြစ်နိုင်တယ်လို့ သုံးသပ်တဲ့ ကျားပေါက်ကလည်း "Demo CD ကို လူတွေက အချော၊ အကြီးအကျယ် သွင်းထားတာမျိုးလို့ ထင်နေကြတယ်။ အမှန်တော့ ဒီတိုင်း ဟော်လိုလေးတီးပြီး ကက်ဆက်လေးနဲ့ သွင်းထား တာဖြစ်ဖြစ် ရတယ်။ အဆင်ပြေရင်ရွေးမှာပဲ"လို့ ဆိုပါတယ်။
"အဓိကက band နဲ့ ဖြစ်ဖို့ပါပဲ။ Team Work ဘယ်လောက်ကောင်းလဲ ဆိုတာကို အဓိကကြည့်သွားမှာပါ။ အဆို၊ အရေးတွေ သိပ် ကောင်းပေမယ့် အတီးပိုင်း ဂွမ်းနေရင်လည်း အမှတ်ရမှာ မဟုတ်ပါဘူး။ ပြိုင်တဲ့သူဘက်ကလည်း ပေးရတာမတူဘူး။ ကိုယ် တစ်ယောက်တည်း ကောင်းနေလို့ကတော့ ဆောရီးပဲ။ ဘာလို့လဲဆိုတော့ band တစ်ခု အောင်မြင်ဖို့က team workက အဓိကပဲလေ"လို့လည်း ပြိုင်ပွဲဝင်တွေ သိထားသင့်တဲ့ အဓိကသော့ချက်ကို ပြောပါတယ်။
ဒီပြိုင်ပွဲကိုတော့ Cherry FM စလွှင့်တဲ့ ၂၀၀၉ ခုနှစ်ကတည်းက တောင်ကြီးမှာ တစ်နှစ်တစ်ကြိမ် ကျင်းပခဲ့ပြီး အခု တတိယ အကြိမ် မြောက်ပြိုင်ပွဲကိုတော့ အုပ်စုသုံးစုခွဲလို့ ရန်ကုန်၊ Max Studioမှာ ကျင်းပမှာပါ။ ကျင်းပမယ့် ရက်တွေ ကတော့ မတ်လ ၁ ရက်၊ ၃ ရက်နေ့နဲ့ ၄ ရက်နေ့တွေပဲ ဖြစ်ပါတယ်။ အုပ်စုသုံးစုမှာ ရွေးချယ်လိုက်တဲ့ အကောင်းဆုံးအဖွဲ့သုံးဖွဲ့ကို Band of the Month အဖြစ် ချီးမြှင့်သွားမှာဖြစ်ပြီး တစ်ဖွဲ့ချင်းစီရဲ့ဆုရသီချင်းကို Cherry FMမှာ တစ်လပတ်လုံး ထုတ်လွှင့်ပေးသွားမှာဖြစ်တဲ့အပြင် အဖွဲ့သုံးဖွဲ့ ပေါင်းလို့လည်း တေးစီးရီးလည်း ထုတ်ပေးမှာ ဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်ချင်တဲ့ အဖွဲ့တွေ အတွက် ၀င်ကြေးကျပ် ၅,၀၀၀ ဖြစ်ပြီး ၀င်ခွင့်လျှောက်လွှာကို ကရ၀ိက်ဥယျာဉ် အတွင်းမှာရှိတဲ့ Cherry FM ရုံးခန်းမှာ ထုတ်ယူကာ Demo CDနဲ့တကွ လျှောက်ထားနိုင်ပြီလို့ သတင်းကောင်းပေးလိုက်ပါတယ်နော်။
Labels: လူမှုဘဝ